ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

အညာဟာ အညာခံနေရသလား – အညာစစ်တမ်း

အညာဟာ တော်လှန်ရေးကြာလာတာနဲ့အမျှ အပြောအဆိုခံ၊ အငြိုငြင်ခံလာရပါတယ်။ အငြိုငြင်ခံထိုက်လို့ ခံနေရတာလား၊ အညာသားတွေဟာ တော်လှန်ရေးအသုံးချ လုပ်စားနေကြတာလားဆိုတဲ့ မေးခွန်းတွေ တသီကြီး ထွက်လာပါလိမ့်မယ်။

အညာလို့ပြောလိုက်ရင် မြန်မာပြည်ရဲ့ ပထဝီအသွင်အပြင်နှစ်မျိုးဖြစ်တဲ့ တောင်တန်းဒေသနဲ့ မြေပြန့်ဒေသ နှစ်မျိုးထဲက အထက်ပိုင်းမြေပြန့်ဒေသကို ခေါ်တာလို့ နားလည်မိပါတယ်။ အညာစစ်တမ်းကို ရေးမယ်ကြံရင်း (ဆရာ)မြသန်းတင့်ရဲ့ တမာနုချိန်စစ်တမ်းကို သတိရမိပါတယ်။ အခုအညာစစ်တမ်းကတော့ အညာကျေးလက်ရဲ့ သဘာဝဖွဲ့ထက် အညာလူမှုဘဝကို ချဉ်းကပ်ပြီး အညာသူအညာသားတို့ရဲ့ ဘဝမှန်ကို သဲတပွင့်စာဖြစ်ဖြစ် လက်လှမ်းမီသလောက် ဖော်ထုတ်ဖို့ ရည်ရွယ်ပါတယ်။ 

အာဏာသိမ်းခံထားရတဲ့ ကာလမယ် တော်လှန်အန်တုကြရင်း အညာဟာ တော်လှန်လူထု နှုတ်ဖျားမှာ မွှေးရနံ့သင်းဖူးတာ သတိထားမိကြမှာပါ။ ကက်ဆက်အသံဇာတ်လမ်းတွေ ခေတ်စားချိန်တုန်းက ‘အညာမိသွားတဲ့ အညာသားလေး’ ဟာ နာမည်ကြီးပါတယ်။ အခုလို တော်လှန်ကာလ နှစ်ရှည်ညောင်းလာတော့ စာချိုးပြောင်းလာတာ သတိထားမိကြပါလိမ့်မယ်။ အညာဟာ အညာခံရတယ်လို့ အညာသားဘက်က ပြောသလို တဖက်ကလည်း အညာဆိုရင် ဘာမှ မကူချင်တော့ဘူး၊ အကွဲအပြဲတွေအများကြီးရှိနေတယ်၊ အာဏာရှင်ကို တော်လှန်တာနဲ့ မတူဘဲ အာဏာရှင်ဆီက စားခွက်လုဖို့သက်သက်ပဲလုပ်နေကြသလိုပဲ၊ သူတလူ ငါတမင်း ဆန်လာတယ်၊ စစ်ဘုရင်ဝါဒီတွေ စသဖြင့် ပြောဆိုကြတာ ကြားလာရပါတယ်။ တော်လှန်ရေးမှာ အညာသူအညာသားတွေ တခဲနက် ပါဝင်တာဟာ အာဏာရှင်စနစ် လက်စတုံးဖို့ ဘယ်အတိုင်းအတာထိ အရေးပါသလဲ ဆိုတာကို တွေးဆကြဖို့ လိုပါလိမ့်မယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

အညာရောက် အကြေမြို့ကြီးသားတယောက်က ပြောဖူးတယ်။ “စစ်တပ်ထဲမှာ အညာသား အများစုပဲ၊ အညာသားတွေ စစ်တပ်ကို ထတော်လှန်တော့ စစ်တပ်လည်း တဖြည်းဖြည်းငါးပါးမှောက်မှာပဲ” တဲ့။ ဟုတ်ပါလိမ့်မယ်။ အညာသားရဲ့ ပျံ့နှံ့ဖြစ်တည်နေမှုက မြန်မာပြည်တနံတလျားလို့ ပြောရင် လွန်မယ် မထင်ပါဘူး။ နေရာပေါင်းစုံ အသင်းအပင်းပေါင်းစုံ အစုအဖွဲ့ပေါင်းစုံမှာ အညာသားနောက်ခံနဲ့ မကင်းရာမကင်းကြောင်း ရှိကြမှာပါ။ အထူးသဖြင့် သိန်းဂဏန်းအထက်ရှိတဲ့ အဖွဲ့အစည်းကြီး နှစ်ခုလို့ ဆိုနိုင်တဲ့ စစ်တပ်နဲ့ စာသင်တိုက်(သံဃာ) လောကမှာ အညာသားရာခိုင်နှုန်းများပါလိမ့်မယ်။ ဒါကြောင့် ဗမာစစ်တပ်လို့ သမုတ်ကြတာလို့ ယူသော်ရ၏လို့ ဆိုရမှာပါ။ သံဃာအသိုင်းအဝန်းမှာလည်း စာချအကျော်အမော်တို့၊ ဓမ္မကထိက တရားဟောအကျော်အမော်တို့၊ ကျမ်းပြုအကျော်အမော်တို့၊ ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ နယ်ပယ်အစုံမှာ အညာသားအနွယ်တွေ ထဲထဲဝင်ဝင်ဖြစ်နေကြတော့ မြန်မာပြည်ရဲ့ ဘာသာရေးယုံကြည်ချက်ကို အညာသားတွေက ထိန်းသိမ်းပေးနေတာလားလို့ မေးရမလိုပါပဲ။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အသင်းအပင်းတွေ၊ ၉၆၉ လို လူမျိုး၊ ဘာသာအားသန်တဲ့ အစုအဖွဲ့တွေဟာလည်း အညာတကြောမှာ အခြေပြု ဖြစ်တည်လာကြတာကို ခြေရာကောက်လို့ ရနိုင်ပါတယ်။ ဒီလိုဆို အညာဟာ ဘယ်ကလာလို့ ဘယ်ကိုသွားနေတာလဲ၊ ဘယ်ကိုသွားချင်နေတာလဲဆိုတဲ့ မေးခွန်းတွေ စီရရီ ထွက်လာပါလိမ့်မယ်။ 

မြန်မာ့သမိုင်းမှာ ထီးနန်းအဆက်ဆက်စိုးစံ အခြေချနိုင်ခဲ့တဲ့ မှတ်တမ်းကို ပြန်ကြည့်ရင် လက်ရှိအညာလို့ နာမပြုကြတဲ့ အရပ်ဒေသထဲမှာပဲ​ လှည့်ပြီး နန်းစဉ်နန်းဆက်ပြုခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာ့စိတ်ရင်း၊​ မြန်မာ့ရှုခင်းနဲ့ မြန်မာ့ယဉ်ကျေးမှုကို ကြည့်ချင်လို့ ပြစရာရှာကြရင်လည်း အညာတကြောကို မဖြစ်မနေလာရတာပါပဲ။ ကျောက်ခေတ်၊ သံခေတ်၊​ ကြေးခေတ်ရဲ့ လက်စလက်နသဲလွန်စရှာကြတဲ့အခါ အညာဟာ ရှေးဦးလူရုပ်ကြွင်းသာမက ပျူပုတီးစေ့လေးတွေပါ လက်ဆောင်ထည့်ပေးတတ်တယ်လို့ ဆိုရမလိုပါ။ 

မြေပြန့်မြန်မာ့သမိုင်းအတွက်ဖြစ်ဖြစ်၊ ယဉ်ကျေးမှုအစဉ်အဆက်အတွက်ဖြစ်ဖြစ် အညာဟာ မရိုင်းခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ လက်ရှိတော်လှန်ရေးမှာရော အညာဟာ သမိုင်းစာလုံးတွေ အမြောက်အမြား ထွင်းပေးနေတာပါပဲ။ ဒါပေမဲ့ အညာဟာ တော်လှန်ရေးကြာလာတာနဲ့အမျှ အပြောအဆိုခံ၊ အငြိုငြင်ခံလာရပါတယ်။ အငြိုငြင်ခံထိုက်လို့ ခံနေရတာလား၊ အညာသားတွေဟာ တော်လှန်ရေးအသုံးချ လုပ်စားနေကြတာလားဆိုတဲ့ မေးခွန်းတွေ တသီကြီး ထွက်လာပါလိမ့်မယ်။ တော်လှန်မေးခွန်းမြောက်မြားစွာအတွက် မေးခွန်းကို မေးခွန်းနဲ့ပဲ ပြန်ဆင့်ပေးဖို့ပဲ အညာဘက်က တတ်နိုင်မယ် ထင်ပါတယ်။ 

ပထမဆုံး အညာကျေးလက်ရဲ့ အခြေခံအဆောက်အအုံတွေကို သတိထားဖို့လိုပါလိမ့်မယ်။ အညာတကြောမှာ အညာမြို့ပြနဲ့ အညာကျေးလက်လို့ ပြန်စိတ်လိုက်ရင် ကျေးလက်နေအညာသားက အများစု ဖြစ်ပါတယ်။ ကျေးလက်အညာဟာ လျှပ်စစ်မီးထိန်ဖို့ ဝေးလို့ ရွာချင်းဆက်လမ်းတောင် ခြေလျင်သွားရတာက များတာပါ။ အခြေခံပညာရေးကို အတန်းပြီးအောင်ထားနိုင်တဲ့သူနဲ့ အဆင့်မြင့်ပညာအထိ လောက်လောက်လားလား လှမ်းနိုင်သူဆိုတာတွေဟာ ကျေးလက်ရဲ့ ကြေးရတတ်လူနည်းစုပါပဲ။ ကြေးရတတ်ဆိုတာလည်း ချေးအထပ်ထပ်တက်အောင် လုပ်နိုင်လွန်းလို့ ငွေစကြေးစ ဆပွားလာသူတွေပါ။ မတော်မတရား မလျော်ဩဇာအာဏာသုံးပြီး ကြီးပွားလာသူဆိုလို့ ချိုးရေစရာ လက်ရှိရင်တောင် ရေစရာလူ ရှိပါ့မလားလို့ ပြောရလောက်ပါတယ်။ အောက်သက်ကျေတယ်၊ လက်ကြောတင်းတယ်လို့ ချီးမွမ်းခံရရင် အညာသားများအဖို့ ထမင်းစားလက်မှတ် ရတော့တာပါပဲ။ ကြိုးစားပမ်းစားလုပ်ရင်း နေရာတခုရောက်လာရင် ခေါင်းမာတတ်ကြလို့ သေးသေးတင်မခံဘူးလို့ စာချိုးကြတာပါ။ လုပ်ရင်ဖြစ်တယ်၊​ မလုပ်ရင်မဖြစ်ဘူး၊ ဒါလုပ်မှ ဒါဖြစ်တာ ဆိုတဲ့ အတွေးစဉ်ဟာ လက်ဆင့်ကမ်းသလို ဖြစ်လာတာပေါ့။ တချို့ပြောကြတဲ့ ဗမာလူမျိုးကြီးဝါဒတို့ဆိုရင် အညာသားတွေအဖို့ ဒီဘက်ခေတ်မှာမှ အဲဒီစကားရပ် ကြားဖူးကြဟန် ရှိပါတယ်။ ဒါမှမဟုတ် လူမျိုးကြီးဝါဒကို မသိလိုက်မသိဘာသာကျင့်သုံးရင်း ဘာသိဘာသာ နေမိတာလား မေးခွန်းထုတ်စရာပါပဲ။ မေးခွန်းရှိရင် အဖြေ ရှိ၊ မရှိ မသေချာပေမဲ့ ပြန်လှန်မေးခွန်းတွေတော့ သေချာပေါက် ရှိနေပါတယ်။ 

အချုပ်ဆိုရရင် အညာဘဝနောက်ခံအချက်အလက်တချို့ကို ဖော်ထုတ်ပေးထားပါတယ်။ အညာမှာသာမက မြန်မာမှာရော၊ ကမ္ဘာမှာရော ထစ်ခနဲရှိ တုတ်ဆွဲ၊ ဓားဆွဲ လုပ်နေကြတဲ့ အခင်းအကျင်းဟာ အာဏာရှင်ကို အမြစ်နုတ်ပစ်မယ့် တော်လှန်ရေးမှာသာမက လူ့သမိုင်းကို ရေးကြတဲ့အခါ ရှက်စရာကောင်းတယ်လို့ နားလည်ကြပြီး မြန်မာ့အခက်၊ အညာအခက်တင်မဟုတ်ဘဲ ကမ္ဘာ့အခင်းအကျင်းတွေမှာပါ အငြင်းအခုံပြု ဆွေးနွေးကြခြင်းဆိုတဲ့ ယဉ်ကျေးတဲ့ လူ့စကားအသစ်ကို အသုံးပြုနိုင်ဖို့ မျှော်လင့်မိပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles