ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မသေရုံတမယ် ရှင်သန်နေရသော ဘဝများ

အရင်ကတော့ "အတတ်နိုင်ဆုံး အသက်ရှင်ပါ" ဆိုတဲ့စကားဟာ ခန္ဓာကိုယ် တည်ဆောက်ပုံ ပုံမှန်ရှိသူ၊ စိတ်အခြေအနေ ပုံမှန်ရှိနေသူတွေအတွက် သိပ်ပြီး မလိုအပ်ခဲ့ပါဘူး။ အခုတော့ "အတတ်နိုင်ဆုံး အသက်ရှင်ပါ" ဆိုတဲ့စကားဟာ မြန်မာပြည်သူတရပ်လုံးအတွက် လိုအပ်နေတဲ့ အားပေးစကားလေးတခွန်း ဖြစ်လာခဲ့ပါတယ်။

“အတတ်နိုင်ဆုံး အသက်ရှင်ပါ” တဲ့။ “လူ့ဘဝဟာ တိုတောင်းပါတယ်၊ လူ့ဘဝဟာ ရခဲပါတယ်။ ဒါကြောင့် တိုတောင်းတဲ့ ရခေါင့်ရခဲ လူ့ဘဝလေးကို ရတုန်းရခိုက်မှာ မိမိကိုယ်ကိုယ် သတ်သေဖို့ လုံးဝ မတွေးဘဲ တမိနစ်လေးပဲ ရှင်သန်ခွင့်ရရ ရှင်သန်ပါ၊ အတတ်နိုင်ဆုံး အသက်ရှင်ပါ” တဲ့။ မသန်စွမ်းအမျိုးတဦးက စင်ပေါ်မှာ ဟောပြောခဲ့ဖူးတဲ့ ဒီစကားကို အခုထိ ရင်ထဲ စိမ့်ဝင် ထိရှနေဆဲပါ။ ဆိုလိုချင်တာက “အတတ်နိုင်ဆုံး အသက်ရှင်ပါ” ဆိုတဲ့စကားဟာ ခန္ဓာကိုယ် မသန်စွမ်းသူ၊ စိတ်ဓာတ်အလွန်အမင်း ကျဆင်းနေသူ၊ အသက် ဆက်လက်ရှင်သန်ဖို့ရာ လုံးဝ အင်အားမရှိတော့သူတွေအတွက် အဓိက လိုအပ်တဲ့ အားပေးစကားပါပဲ။ ယခင်ကတော့ “အတတ်နိုင်ဆုံး အသက်ရှင်ပါ” ဆိုတဲ့စကားဟာ ခန္ဓာကိုယ် တည်ဆောက်ပုံ ပုံမှန်ရှိသူ၊ စိတ်အခြေအနေ ပုံမှန်ရှိနေသူတွေအတွက် သိပ်ပြီး မလိုအပ်ခဲ့ပါဘူး။ အခုတော့ “အတတ်နိုင်ဆုံး အသက်ရှင်ပါ” ဆိုတဲ့စကားဟာ မြန်မာပြည်သူတရပ်လုံးအတွက် လိုအပ်နေတဲ့ အားပေးစကားလေးတခွန်း ဖြစ်လာခဲ့ပါတယ်။ 

အာဏာရှင်စနစ်ဆိုတာ ပြည်သူကို ဘယ်တော့မှ ကောင်းကျိုးမပြုပါ။ ပျော်ရွှင်နေသူကို မပျော်ရွှင်တော့အောင် လုပ်နိုင်တယ်။ တိုးတက်ဖို့ အခွင့်အလမ်းရှိနေသူကို အနာဂတ်မဲ့သွားအောင် လုပ်နိုင်တယ်။ အောင်မြင်နေသူကို ရှုံးနိမ့်သွားစေခဲ့တယ်။ စိတ်ဓာတ်ကျနေသူကို ဆူဆိုက်သွားစေခဲ့တယ်။ လမ်းသစ် ချဲ့ထွင်နေသူကို ရပ်တန့်သွားစေခဲ့တယ်။ မကျန်းမာနေသူတွေ ဆေးကုသခွင့် မရတော့ဘူး။ ပညာသင်ယူနေသူတွေ ပညာမဲ့ကုန်ပြီ။ (တချို့တော့ ပညာသင်ယူနေရင်း ဗုံးဒဏ်ထိပြီး အသက်ပျောက်ကုန်ပြီ။) လွတ်လွတ်လပ်လပ် ပျော်ရွှင်နေသူတွေဟာ မလုံခြုံမှုကို ခံစားရနေပြီ။ လုံလုံခြုံခြုံ နေခဲ့ရသူတွေဟာ စိတ်သောကတွေနဲ့ ရှင်သန်နေရပြီ။ အပြင်ထွက်ရင် ကျောမလုံဘူး။ စျေးဝယ်ထွက်ရင် စိုးတထိတ်ထိတ်နဲ့။ ပျော်ပွဲရွှင်ပွဲတွေ မကျင်းပရဲဘူး။ ညဉ့်နက်ချိန်ဆို မြို့ကြီး မပီသတော့ဘူး။ သားကျောင်းသွားချိန် မိဘတွေ စိုးရိမ်သောကတွေနဲ့။ သားလူပျိုပေါက်ကို ပြည်ပ ပို့မှ စိတ်အေးရ။ နယ်ကနေ မြို့ပြတက်လို့ အခွင့်အလမ်းမရှာရဲ (လမ်းမှာတင် ပေါ်တာဆွဲခံရတတ်လို့)။ ရွာက ဆိုင်းသမားကြီးဟာ အလှူပွဲတွေ မလုပ်ရလို့ ဆိုင်းမတီးရတော့ဘဲ ကောက်သင်းကောက်နေရပြီ။ အလှူမဏ္ဍပ်ဆရာကြီးလည်း အဲ့သလိုပဲ။ တောင်သူတွေဟာ ကောက်ပဲသီးနှံတွေ မလှောင်ရဲတော့ဘဲ ချက်ချင်း ရောင်းပစ်ကြပြီ (မီးရှို့ခံရမှာကြောက်လို့)။ မန်ကျည်းသီးတွေလည်း အစေ့မထွင်တော့ဘဲ အတောင့်လိုက် ရောင်းကြရပြီ။ ကြက်၊ ဝက်မွေးမြူသူတွေ မရှိတော့ဘူး (ကြာရှည်စစ်ရှောင်ရရင် ပစ်ထားခဲ့ရမှာလေ)။ စစ်အာဏာရှင်ရဲ့ လက်အောက်က ပြည်သူတို့ရဲ့ ဘဝဆိုတာ အဲသလို။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

မြန်မာပြည် အနှံ့အပြားဆီက အဖြစ်အပျက်များစွာကို အသာထား ကျနော်တို့ အညာဒေသက အဖြစ်အပျက်တချို့ကိုသာ ပြောပြပါတော့မယ်။ ခင်မင်ရတဲ့ အစ်မတယောက်က ပြောတယ်။ “အခုချိန်မှာ စျေးရောင်းတယ်။ ချမ်းသာချင်တယ် ဘာညာ လုံးဝစိတ်မရှိဘူး။ ဒီနေ့ အသက်ရှင်နေသေးတယ်။ ကျန်းမာအောင်နေမယ်။ ကူညီနိုင်သမျှ ကူညီမယ်။ စိတ်ကလေး အေးချမ်းအောင်နေတယ်။ အနာဂတ်ဆိုတာ မတွေးပါ” တဲ့။

 ကျနော့်ရွာမှာပေါ့။ အာဏာမသိမ်းခင်ကတည်းက အိမ်ဆောက်ဖို့ အုတ်တွေပုံ၊ တိုင်လုံးတွေ စီထားတဲ့ အိမ်က လူကို ”ဘာလို့ အိမ်မဆောက်သေးတာလဲ၊ ရက်ကောင်း မရှိလို့လား” လို့ မေးတော့ “ဒီခေတ်မှာ အိမ်ဆောက်ဖို့ ဘယ်ရက်ကောင်း ရှိပါ့မလဲ။ တကယ်လို့ အိမ်ဆောက်လိုက်တယ်ထား၊ စစ်တပ်က ဝင်လာရင်၊ ဗုံးကြဲချလိုက်ရင် အသစ်စက်စက် ကျုပ်အိမ်လေး အစပျောက်သွားမှာပေါ့။ ဒီကောင်တွေ ရှိနေသရွေ့တော့ စိတ်ချလက်ချနဲ့ အိမ်မဆောက်နိုင်သေးပါဘူးကွယ်” တဲ့။

ပြီးတော့ ရွာက ဆယ်ကျော်သက် အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်လေးတယောက်ကို ကျနော် သတိထားမိနေတယ်။ ရွာမှာ သူ့အရွယ်လေးတွေဟာ တော်လှန်ရေးထဲ ဝင်တဲ့သူ ဝင်၊ မဝင်တဲ့သူကတော့ စတားလင့်အင်တာနက်ဆိုင်မှာ တလစာ သုံးသောင်းခွဲပေးပြီး အချိန်ပြည့် ညဉ့်နက်အထိ ဖုန်းပွတ်၊ ဂိမ်းဆော့နေတတ်ကြတယ်။ ပြည်ပထွက်ပြီး အလုပ်လုပ်ချင်တာတောင် လမ်းမှာ ပေါ်တာဆွဲမှာ ကြောက်ရလို့ ရွာမှာ သောင်တင်နေကြတယ်။ ရွာမှာ NUG လက်အောက်မှာ ဖွင့်ထားတဲ့ စာသင်ကျောင်းလေး ရှိတာတောင် ကျောင်းမတက်ကြဘူး။ ဘာလို့ ကျောင်းမတက်တာလဲ မေးရင် “ပိုက်ဆံတန်ဖိုးသိလို့၊ ကိုယ့်အသက်ကိုလည်း တန်ဖိုးထားလို့ ကျောင်းမတက်တာပေါ့ဗျာ။ ဝင်ငွေမရှိတဲ့ကြားက ကျောင်းတက်ရင် ကျောင်းလခ၊ စာအုပ်ဖိုးနဲ့ ပိုမွဲမှာပေါ့ဗျ။ ပြီးတော့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေတာ ခင်ဗျားလည်း သိသားနဲ့၊ ကျုပ်တော့ စာသင်ရင်း မသေချင်ဘူးဗျာ” တဲ့။ ကျနော် ပြန်မပြောဖြစ်။ 

 ရွာမှာ အဲဒီလိုကောင်လေးတွေကြားထဲမှာ ထူးထူးခြားခြား ကောင်လေးတယောက်ကတော့ ရှိနေတယ်။ သူ့အသက် ၁၉ အရွယ်မှာ ဧကာဒဿမတန်း (၁၁ တန်း) တက်နေသူ။ ရွာမှာ နဝမတန်းအထိပဲ ရှိတော့ တခြားရွာမှာ ဆိုင်ကယ်လေးနဲ့ ကျောင်းသွားတက်နေသူ။ သူတယောက်ဆိုမှ တယောက်တည်း။ သူနဲ့ တွေ့လို့ စကားပြောလိုက်မိတယ်။ ပညာရေးကို တန်ဖိုးထားတဲ့ မင်းကို လေးစားပါတယ်လို့ပေါ့။ ဒီတော့ ကောင်လေး ပြန်ပြောတာက “ကျနော်က ပညာရေးကို တန်ဖိုးထားလို့ ကျောင်းတက်နေတာတော့ မဟုတ်ရပါဘူး အစ်ကိုရာ။ အချိန်ကို တန်ဖိုးထားလို့ပါ။ ကျနော့်အသက် နှစ်ဆယ်ရှိပြီ။ အခုမှ ဆယ့်တတန်းပဲရှိသေးတယ်။ အသက်ကြီးနေတော့ ရှက်သားဗျ။ တကယ်ဆို ကျနော်က မြို့တက်ပြီး ဒါမှမဟုတ် ပြည်ပထွက်ပြီး အလုပ်လုပ်ချင်တာ။ ဒါပေမဲ့ လမ်းမှာက ပေါ်တာဆွဲတော့ ရွာက ထွက်မရမယ့်အတူတူ အချိန်ကို တန်ဖိုးရှိရှိအသုံးချတဲ့အနေနဲ့ ကျောင်းတက်နေရတာပါဗျာ” တဲ့။ ဂိမ်းဆော့ အချိန်ဖြုန်းနေတဲ့ ကောင်လေးတွေကိုသာ ပြန်မပြောဖြစ်တာ။ ဒီကောင်လေးကိုတော့ ပြန်ပြောဖြစ်အောင် ပြောလိုက်ပါတယ်။ “အေးလေ မင်းအရွယ်လေးက ပညာသင်ယူနေရမယ့်အရွယ်၊ ငွေရှာဖို့၊ အလုပ်လုပ်ဖို့က အချိန်အများကြီးရှိပါသေးတယ်။ နောက် ဆယ်နှစ်လောက်ကြာမှ လုပ်လည်း နောက်မကျသေးဘူး” လို့ပေါ့။

ရွာထဲက စာသင်ကျောင်းမှာ စာသင်ပေးနေကြတဲ့ ဆရာ၊ ဆရာမတွေရဲ့ အဖြစ်ကလည်း ဘာထူး။ လစာလေးက ရှစ်သောင်းပဲရသတဲ့။ ရှစ်သောင်းဆိုတာ မလေးရှားနိုင်ငံက အလုပ်သမားတယောက်ရဲ့ နေ့တဝက်စာပဲ ရှိသတဲ့။ ဒါပေမဲ့လည်း ဘာတတ်နိုင်မှာလဲလေ။ ဘယ်မှလည်း ထွက်ပြီး အလုပ်လုပ်လို့မရ။ ငွေမရှာနိုင်။ ဒါဟာ အနည်းနဲ့အများတော့ ကိုယ်ကျိုးစွန့်နေကြတယ်ဆိုတာထက် ဟင်းရွက်ဖိုးကလေးပဲရရ၊ ဆန်တပြည်ဖိုးပဲရရ ရှိတဲ့အလုပ်ကလေးပဲ လုပ်ပြီး အသက်ရှင်နေကြရတယ်။ မသေရုံတမယ် ရှင်သန်နေကြရတဲ့ဘဝတွေ။

ရှင်သန်ခွင့် ရသလောက်သာ ရှင်သန်နေကြရတဲ့ ဘဝတွေ၊ အတတ်နိုင်ဆုံး အသက်ရှင်နေကြရတဲ့ ဘဝတွေဆိုတာ ကုသလို့ မရတော့တဲ့ ရောဂါသည်တွေ၊ သေခါနီးလူနာတွေအတွက်သာ အသက်ကလေး တရက်ထက်ပိုပြီး ရှင်သန်ခွင့်ရရ ဆေးဝါးကလေးနဲ့ အသက်ဆက်နေကြရတာမျိုးပါ။ အခုတော့ မြန်မာပြည်သူတရပ်လုံး၊ အဓိကအားဖြင့် အညာက ပြည်သူတရပ်လုံးရဲ့ ဘဝတွေကတော့ ကုသလို့မရတော့တဲ့ ရောဂါသည်တွေလည်းမဟုတ်၊ သေခါနီးလူနာတွေလည်း မဟုတ်ပါဘဲနဲ့ တရက်လေးပဲ ပိုပြီး ရှင်သန်ခွင့်ရရ ရှင်သန်နေကြရတဲ့ ဘဝတွေ ဖြစ်နေကြပါပြီ။ အာဏာရှင်စနစ် မချုပ်ငြိမ်းသရွေ့ပေါ့။

Bottom banner text comes here

စာမူပေးပို့ရန်


0 Responses

  1. Great read, thank you. စစ်အာဏာရှင်စနစ်ကျရှုံးရမည်။

Leave a Reply

Your email address will not be published. Required fields are marked *


Related articles