မိုးတွေက ဒီဘက် ပြည်ပမှာပါ စိမ့်ဝင်ရွာကျနေတာ။ ဒီမှာ မိုးရွာနေတာကို ကြည့်ရင်း ရန်ကုန်ရဲ့ ကောင်းကင်ကြီးကို ပြန်မြင်ယောင်မိတယ်။ မီးခိုးရောင် ရေမှုန်ရေမွှားတွေကြားမှာ ရန်ကုန်တမြို့လုံး နစ်မြုပ်နေတုန်းပဲလား မသိဘူး ဆိုတာမျိုး။
ဒီလိုမိုးတွေ စဲမလိုလိုနဲ့ မစဲဘဲ အဆက်မပြတ် တစိမ့်စိမ့် ရွာသွန်းနေတဲ့အခါတိုင်း ဟိုးအရင်က အဘွား ပြောပြဖူးတဲ့ စကားတခွန်းက နားထဲမှာ ပြန်ကြားယောင်လာတတ်တယ်။ “မိုးတွေ တစိမ့်စိမ့်ရွာရင် ငတ်ကြောပဲ” တဲ့။
ငယ်ငယ်ကတော့ မိုးရွာတာကို ပျော်စရာလို့ပဲ ထင်ခဲ့မိတာပါ။ ဒါပေမဲ့ အဘွားကတော့ အဲဒီမိုးရေစက်တွေကြားထဲမှာ ဘဝရဲ့ ကြမ်းတမ်းမှုကို ကြိုမြင်ခဲ့တာပေါ့။
နာရီပေါင်းများစွာ အချိန်ယူပြီး မိုးတွေ ဇွဲကောင်းကောင်းနဲ့ ရွာနေပြီဆိုရင် လမ်းပေါ်ထွက် လုပ်ကိုင်စားသောက်ရသူတွေအတွက် ဘာအလုပ်မှ လုပ်လို့မရတော့ဘူးလေ။ ဆိုက်ကားနင်းသူ၊ လမ်းဘေးဈေးသည်၊ နေ့စားအလုပ်သမားတွေ မိုးမစဲသရွေ့ သူတို့ဝမ်းရေးအတွက် မီးဖိုချောင်က မီးခိုး မထွက်နိုင်တော့ဘူး။
မိုးတွေ တစိမ့်စိမ့်ရွာနေရင် အဘွားရဲ့ အဲဒီစကားက မြို့ပြရဲ့ ခေါင်မိုးတွေအောက်မှာ ပိုပြီး ပေါ်လွင်နေမလားပဲ။ ရန်ကုန်မှာရော မိုးရေထဲ ဝမ်းရေးအတွက် ပူရတဲ့ အခြေအနေတွေ ပိုဆိုးနေမလား မသိဘူး။
ရန်ကုန်က မိတ်ဆွေတယောက်နဲ့ ဖုန်းပြောဖြစ်တော့ မြို့ပြရဲ့ အခြေအနေတွေကို မေးမိတယ်။ ကုန်ဈေးနှုန်းတွေ၊ နေထိုင်ရတဲ့ ခက်ခဲမှုတွေနဲ့ ပတ်သက်လို့ “စတိုးဆိုင်ထဲ ကြက်ဥတလုံး ဈေး ဘယ်လောက်တောင် ဖြစ်သွားပြီလဲ” လို့ မေးလိုက်မိတာပါ။
ဖုန်းထဲက မိတ်ဆွေက ခပ်သဲ့သဲ့ ရယ်လိုက်တယ်။
“ကြက်ဥဈေးအကြောင်း မေးရင် ကြက်ဥဈေးထက် ငါ ပြောပြမယ့်အကြောင်း နင် သိရင် ဒီထက်တောင် အံ့ဩနေဦးမယ်” ဆိုပြီး စကားကို စလိုက်တာ။
သူ ဆက်ပြောတဲ့ ရန်ကုန်ရဲ့ ရုပ်ပုံလွှာတွေဟာ မိုးရေထက် ပိုပြီး အေးစက်လွန်းပါတယ်။ မီးပျက်တာ၊ လိုင်းကား တိုးရတာ၊ နေ့စဉ်နဲ့အမျှ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြားမှာ ကြိတ်မှိတ်ရုန်းကန်နေကြရပုံတွေ၊ ရယ်မောသံတွေ ပျောက်ကွယ်ပြီး မျက်နှာပေါ်မှာ မောဟတွေနဲ့ အချိန်ကုန်နေကြရပုံတွေကို သူက အရှိအတိုင်း ဖွင့်ဟပြတယ်။
အပြင်ဈေးမှာတင် ကြက်ဥတလုံး ၆၅၀ ကျပ်၊ ကန်စွန်းရွက်တစီး ၁,၀၀၀ ကျပ်၊ ရှမ်းခေါက်ဆွဲတပွဲ ၅,၀၀၀ ကျပ်အထိ ဈေးတွေတက်နေတာ။ ဆီတဘူး ၇,၀၀၀၊ ၈,၀၀၀ ကျပ်ပေးရသလို ပေါ်ဆန်းဆန်တပြည်ကိုလည်း ၇,၀၀၀၊ ၈,၀၀၀ ကျပ် ပေးနေရပြီ။ ဝက်သားနဲ့ အမဲသားဆိုရင်လည်း ဈေးအော်ပျံနေလို့ မစားနိုင်ကြတော့ဘူးတဲ့။ ဂျပန်ခေတ် ပြန်ရောက်နေသလို ဈေးသွားရင် ပိုက်ဆံကို ဆာလာအိတ်နဲ့ ထည့်သွားရမလို ဖြစ်နေပြီး တရက်ကို ငွေစက္ကူ များများရှာနိုင်မှ အိမ်စရိတ်လောက်ရုံပဲ ရှိတော့တာပါ။
မိုးရွာတာဟာ လူအများစုအတွက် ကဗျာမဆန်နိုင်တော့ဘူး မဟုတ်လား။ ရေလျှံနေတဲ့ လမ်းမကြီးတွေကို ဖြတ်သန်းရမယ့် ဒုက္ခ၊ စိုစွတ်နေတဲ့ ထီးစုတ်လေးအောက်က ခန္ဓာကိုယ်နဲ့ ဝမ်းရေးအတွက် မဖြစ်မနေ လမ်းထွက်ရမယ့် ပူပန်မှုတွေပဲ ဖြစ်နေတော့တာ။
နယ်စပ်ဘက်မှာ ရောက်နေတဲ့ တိရစ္ဆာန်ကု ဆရာဝန်တယောက် ပြောဖူးတာကိုလည်း ပြန်ကြားယောင်မိသေးတယ်။ ကြက်ဥတလုံးဟာ လူတယောက်ရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်၊ ပရိုတင်းနဲ့ ဗီတာမင်ပေါင်း မြောက်မြားစွာကို အလွယ်ကူဆုံးနဲ့ အသက်သာဆုံး ထောက်ပံ့ပေးနိုင်တဲ့ ‘အာဟာရသိုက်’ တခုတဲ့။
မြန်မာနိုင်ငံမှာ ကြက်ဥတလုံးစာရဖို့ ခက်သွားပြီလို့ သူကပဲ တဖက်နိုင်ငံကနေ အခြေအနေကို လှမ်းအကဲခတ်ပါတယ်။
အခုတော့ မြို့ပြမှာ ကြက်ဥဈေးက မိုးပေါ်ထိ ခုန်တက်သွားပြီ။ အရိုးရှင်းဆုံးနဲ့ အသက်သာဆုံးဆိုတဲ့ အာဟာရ ပင်ရင်းတောင် လက်လှမ်းမမီနိုင်တော့တဲ့အခါ မြို့ပြက လူတွေဟာ အာဟာရဓာတ် ပြည့်ဝအောင် ရကြပါတော့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မေးလိုက်မိတာပါ။
ဒါပေမဲ့ ဖုန်းထဲက ထွက်လာတဲ့ အသံက ပိုပြီး လေးလံစွာနဲ့ပဲ အာဟာရအကြောင်းကို ရိုးရှင်းစွာ ပုတ်ထုတ်လိုက်ပါတယ်။
“အာဟာရပြည့်ဖို့ ဘာဖို့ ထားပါဦးဟာ။ လူတွေက အစားအစာကို ဗိုက်ထဲ ရောက်အောင်ပဲ ပစ်သွင်းနေကြတာ” တဲ့။
တကယ်တော့ ဒါဟာ စိတ်ကူးနဲ့ စိုးရိမ်နေတာ မဟုတ်ပါဘူး။ မကြာသေးခင်က ထွက်ရှိထားတဲ့ ကုလသမဂ္ဂ (UN) ရဲ့ အစီရင်ခံစာတွေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ FAO တို့ရဲ့ ထုတ်ပြန်ချက်တွေမှာကိုပဲ မြန်မာနိုင်ငံမှာ လူ လေးယောက်မှာ တယောက်နှုန်း ၂၅ ရာခိုင်နှုန်းမကဟာ အစားအစာ လုံလောက်စွာ မရရှိဘဲ အာဟာရနဲ့ စားနပ်ရိက္ခာ မလုံလောက်မှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ထောက်ပြထားတာပါ။
မြို့ပြရော ကျေးလက်ပါမကျန် ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာ လုံခြုံမှုမရှိခြင်းဟာ စိုးရိမ်ဖွယ် အနီရောင်အဆင့်ကို ရောက်နေတာ ငြင်းမရတဲ့ အမှန်တရား ဖြစ်နေခဲ့ပါပြီ။
ဒီနေ့ ရန်ကုန်မှာ အာဟာရဆိုတာ သိမ်မွေ့လွန်းတဲ့ ခေါင်းစဉ်တခု ဖြစ်သွားခဲ့ပြီလေ။ လူတွေဟာ ခန္ဓာကိုယ်အတွက် ဘာဓာတ်တွေ ရမလဲဆိုတာကို တွေးချိန် မရှိတော့ပါဘူး။ နက်ဖြန်အတွက် ဘာနဲ့ ဗိုက်ဖြည့်ရမလဲ၊ ဒီနေ့အတွက် ဝမ်းကို ဘယ်လိုအဆာပြေအောင် လုပ်ရမလဲဆိုတာကိုပဲ စဉ်းစားနေရတာပါ။
အာဟာရဓာတ် ပြည့်ဝဖို့ထက် ဗိုက်ထဲမှာ တခုခု ရောက်သွားပြီး အသက်ဆက်နိုင်ဖို့အတွက်ပဲ ရရာအစားအစာကို စားနေကြရတာမျိုး ဖြစ်သွားခဲ့ရပါပြီ။ စကားက ဒီတင် မရပ်ခဲ့ပါဘူး။ မိတ်ဆွေ ဆက်ပြောပြတဲ့ အကြောင်းအရာကတော့ ကြက်ဥဈေးထက် ပိုပြီး ရင်လေးစရာကောင်းပါတယ်။
“ခါတိုင်းဆို ရောင်းမကုန်ရင် ပစ်လိုက်ရတဲ့ အသားတွေကို အခု မပစ်တော့ဘူးဟ၊ ပုတ်ခါနီးဖြစ်နေတဲ့ အသားတွေကို ဆေးဆိုးပြီး ရပ်ကွက်ဈေးတွေမှာ ပြန်ရောင်းကြတာ” တဲ့။
စည်ပင်သာယာဈေးလို နေရာမျိုးမှာတော့ ပိတ်ပင်ထားလို့ မရောင်းရဲကြပေမဲ့ မြို့ပြရဲ့ရပ်ကွက်လမ်းကြား ဈေးလေးတွေမှာတော့ ဒီလိုအသားတွေကို အပုံလိုက်ခင်းပြီး ရောင်းနေကြတာ။
တပုံကို ဘယ်လောက်ဆိုပြီး ဈေးလျှော့ရောင်းတော့ အသားဟင်းစားရဖို့ ခက်ခဲနေတဲ့ လူတွေဟာ အလုအယက် ဝယ်ယူစားသောက်နေကြရတယ်။
တကယ်တော့ စားလို့မရတော့တဲ့၊ ခန္ဓာကိုယ်ကို ဘေးဥပါဒ်ပေးမယ့် အဲဒီအသားတွေကို ဗိုက်ထဲရောက်အောင် ပို့နေကြရတာပါ။ အာဟာရဆိုတာထက် မနက်ဖြန်အတွက် အသက်ဆက်ဖို့ဆိုတဲ့ အသိတခုတည်းနဲ့တင် ဒီလိုခါးသီးတဲ့ အရှိတရားကို မျိုသိပ်မျိုချနေကြရတာ။
“ဒါတွေဟာ အခု ရန်ကုန်မြို့ပြကြီးရဲ့ ငြင်းမရတဲ့ အရှိတရားပဲ” လို့ သူက သက်ပြင်းချရင်း ပြောရှာတယ်။
ပြည်ပကနေ လှမ်းမျှော်ကြည့်မိတော့ ရန်ကုန်ဆိုတဲ့ မြို့ကြီးက မိုးရေထဲမှာ သက်ပြင်းချနေသလိုပါပဲ။ တိတ်ဆိတ်စွာ စီးဆင်းနေတဲ့ မိုးရေစီးကြောင်းတွေဟာ မြို့သူမြို့သားတွေရဲ့ မျက်ရည်၊ ချွေးတို့နဲ့ ပေါင်းစပ်သွားသလို အဆက်မပြတ် ရွာသွန်းမှုတိုင်းက လူတွေရဲ့ ရုန်းကန်နိုင်စွမ်းကို စိမ့်ဝင်တိုက်စားနေပုံရတယ်။
မိုးယိုတဲ့ အိမ်တွေအောက်၊ ရေလျှံနေတဲ့ လမ်းမတွေပေါ်နဲ့ ဆေးဆိုးထားတဲ့ အသားတွေကို ဝယ်စားနေရတဲ့ လူတွေရဲ့ ဘဝကို ကြည့်ရင်း ရန်ကုန်ဆိုတဲ့ မြို့ကြီးရဲ့ ခက်ခဲနက်နဲလှတဲ့ အရှိတရားဟာ မိုးရေနဲ့အတူ ပိုပြီး လေးလံခါးသီးလို့ လာတာပဲလို့ ပြောရမလိုဖြစ်နေပါတယ်။
ဖုန်းကျသွားခဲ့ပြီ။ မိုးစက်တွေကတော့ မြန်မာပြည် ပြင်ပအထိပါ ဆက်လက်ရွာသွန်းနေတုန်းပါပဲ။
မေးချင်ခဲ့တာက ကြက်ဥဈေးဆိုတဲ့ အကြောင်းတရားတခု၊ ထပ်တိုးသိလိုက်ရတာက ပုပ်နေတဲ့ အသားတွေကို ဆေးဆိုးရောင်းနေကြရတဲ့အထိ ပျက်စီးယိုယွင်းနေတဲ့ မြို့ပြရဲ့ အမှန်တရားတခု။
ခါးသီးလွန်းတဲ့ အဲဒီအမှန်တရားတွေကြားမှာ လူတွေဟာ ဒီလိုအစားအစာတွေကို ဗိုက်ထဲ ပစ်သွင်းရင်း ဘယ်လိုများ ဆက်လက် ရှင်သန်နေကြသလဲဆိုတာ စဉ်းစားလို့ပင် မရတော့လောက်အောင် ရင်ထဲမှာ မွန်းကျပ်ဆို့နစ်ရပါတယ်။
ရှေးအဘွားတွေ ပြောခဲ့ဖူးတဲ့ “ငတ်ကြော” ဆိုတာ အခုတော့ ရန်ကုန်ရဲ့ မိုးမှောင်မှောင်အောက်မှာ ခါးသီးလွန်းတဲ့ အရှိတရား ဖြစ်နေခဲ့ပါပြီ။
မိုးရေစက်တွေကြားထဲ ရန်ကုန်က လူတွေရဲ့ ရုန်းကန်နေရတဲ့ ဘဝတွေကို တွေးရင်း စိတ်ထဲမှာပါ တကယ်ကို ဆို့နင့်အေးစက်သွားခဲ့ရပါတယ်။
